By အိမ်ပြန်လမ်း
မြန်မာ့နွေဦးတော်လှန်ရေးသည် ၅ နှစ်ကျော်ကာလသို့ ရောက်ရှိလာချိန်တွင် သိသာထင်ရှားသော အကျပိုင်းသို့ ရောက်ရှိလာပြီး၊ ပြန်လည်အားကောင်းလာရန် ခက်ခဲစွာ ရုန်းကန်ရတော့မည့် အခြေအနေကို ဆိုက်ရောက်နေပြီဆိုသည်ကို လက်တွေ့ကျကျ ဝန်ခံရမည် ဖြစ်သည်။
အထူးသဖြင့် အာဏာရှင်စနစ် ကင်းစင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးဟူသော အန္တိမရည်မှန်းချက်ဆီသို့ ရောက်ရှိရန်အတွက်၊ လက်ရှိတော်လှန်ရေးယန္တရားကို မည်သို့ပြန်လည်အသက်သွင်း ချီတက်ကြမည်ဆိုသည်ကို သက်ဆိုင်သူအားလုံး အလေးအနက်ထား အဖြေရှာ ဆုံးဖြတ်ကြရမည့်အချိန်ကို ကျော်လုနီးနီးသို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ပကတိအခြေအနေကို သုံးသပ်ရလျှင် နွေဦးတော်လှန်ရေးသည် အားအကောင်းဆုံးနှင့် အရှိန်အဟုန်အမြင့်မားဆုံး ဆိုသည့်အချိန်ကာလများကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော လေးနှစ်ကျော်ကြာကာလအတွင်း ပြည်သူတစ်ရပ်လုံးက လှည်းနေလှေအောင်း မြင်းဖောင်မကျန် တခဲနက် ပါဝင်ခဲ့ကြသော်လည်း အာဏာရှင်ကို အပြီးတိုင် မဖြုတ်ချနိုင်ခဲ့ခြင်းမှာ တစ်နိုင်ငံလုံးအတွက် အလွန်နစ်နာစရာပင် ဖြစ်ခဲ့သည်။
လတ်တလော လူပြောများနေသည့် စစ်တပ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားခဲ့ခြင်းသည်လည်း နိုင်ငံတကာဖိအားများကြောင့် အသက်ရူကျပ်လာသော မင်းအောင်လှိုင်က မဖြစ်မနေ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ကစားလာတာမျိုး မဟုတ်ဘဲ၊ ၎င်းတို့ အသွင်ပြောင်းစစ်အုပ်စုကို မြန်မာအစိုးရအဖြစ် အာဆီယံအပါအဝင် နိုင်ငံတကာ အသိအမှတ်ပြုလက်ခံလာအောင် တရုတ်၏အခါတော်ပေးနှင့် အပေါ်စီးမှ ပြုလုပ်သော နိုင်ငံရေးကစားကွက်တစ်ခုဟုသာ အမှန်ရှုမြင်ရမည်ဖြစ်သည်။
စစ်ရေးအရတွင်လည်း ပြီးခဲ့သည့်နှစ်များအတွင်း NUG သိမ်းပိုက်ခဲ့သော မြို့ရွာအများအပြား ပြန်လည်ဆုံးရှုံးနေရမှုများနှင့်အတူ၊ တော်လှန်ရေးအားကောင်းရာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်း၊ မန်းတလေး၊ မကွေး စသည့်ဒေသများ နှင့် အဓိက ERO အများအပြားရှိရာ ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့အကြား စစ်ရေး၊ ထောက်ပံ့ရေးလမ်းကြောင်းအများအပြားသည် လက်ရှိတွင် စစ်တပ်၏ အကြီးအကျယ်ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီဖြစ်သည်။
ဤအခြေအနေအပေါ် ဦးဆောင်သူများအနေဖြင့် ၅ နှစ်ကျော် တော်လှန်ရေးကို တာဝန်ယူ/ခံမှု တစ်စုံတစ်ရာဖြင့် လက်တွေ့ကျကျ ပြန်လည်သုံးသပ်ပြီး၊ လက်ရှိတော်လှန်ရေးယန္တရားကို လက်တွေ့ကျကျ မည်သို့ပြုပြင်ပြောင်းလဲ ရုန်းထွက်လုပ်ဆောင်မည်ကို စိစစ်ဆုံးဖြတ်ကြရမည်ဖြစ်သည်။
လက်ရှိ စစ်ရေးအခင်းအကျင်းအရ ရခိုင်၊ ချင်းနှင့် ကချင်ပြည်နယ်များမှလွဲ၍ ကျန်ဒေသအများစုရှိ မြို့ပြများတွင် စစ်ကောင်စီ၏ ယန္တရားကို ထိခိုက်နိုင်စွမ်း သိသိသာသာ လျော့ကျလာခဲ့သည်။ မန္တလေးမြို့အနီး တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော မြို့ရွာအားလုံး လက်လွှတ်ခဲ့ရသလို၊ ရှမ်းမြောက်ကဲ့သို့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်ရေးအင်အား ကောင်းမွန်ခဲ့သည့် ဒေသအများစုတွင်လည်း တရုတ်ဖိအားဖြင့် မြို့ရွာအများအပြား စစ်တပ်လက်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး၊ ယခင် ဗိုလ်နေမြဲ၊ ကျားနေမြဲ အခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာနေပြီဖြစ်သည်။
ဆိုလိုသည်မှာ တရုတ်နိုင်ငံ၏ ဖိအားနှင့် အကူအညီများဖြင့် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်သော ရှမ်းမြောက်ရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများနှင့် ကရင်ပြည်နယ်ရှိ မြန်မာ-ထိုင်း အာရှကုန်သွယ်ရေးလမ်းမကြီးတို့သည် မကြာမီ ပြန်လည်အသက်ဝင်လာဖွယ် ရှိနေသည်။ တနည်းအားဖြင့် ယင်းမှာ နှစ်အတန်ကြာ ပိတ်ဆို့ထားနိုင်ခဲ့သော ဒေါ်လာဘီလီယံချီရှိမည့် နယ်စပ်ကုန်သွယ်ရေး ဝင်ငွေများကို စစ်အုပ်စုလက်သို့ ပြန်လည်အပ်နှင်းခဲ့ခြင်းလည်းဖြစ်သည်။
MDY- PDF ၏ ခေါင်းဆောင်မှုပိုင်းတွင် အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှု ပြသနာများ ဖြစ်ပွားခဲ့ပြီး အချိန်တိုအတွင်း မန္တလေးတိုင်းအတွင်းမှ MDY-PDF ၏ နောက်ဆုံးခံတပ် တကောင်းမြို့ အပါအဝင် ခံတပ်မြို့ရွာများ ကျဆုံးသွားမှုနှင့်အတူ၊ ၎င်းနှင့်ဆက်စပ် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်းရှိ မြို့ရွာများသည် စစ်တပ်၏ ခြိမ်းခြောက်မှုများနှင့် အကြီးအကျယ် ရင်ဆိုင်နေရပြီဖြစ်သည်။
ဤမျှ အရေးကြီးလှသော စစ်အာဏာရှင်ကို တိုက်ခိုက်နေရချိန်တွင် အဆိုပါ ရွှေပိသာချိန်လိုက် ထုတ်ယူမှု ဆိုသည်ထက်များစွာပိုသော ခေါင်ဆောင်ပိုင်း အကွဲအပြဲများ ရှိခဲ့သည်ဆိုသည်ကို ပြီးခဲ့သည့်ရက်ပိုင်းက Myanmar Now နှင့် အင်တာဗျူးခဲ့သော မန်းတလေး PDF တည်ထောင်ခဲ့သူများထဲမှ တစ်ဦးဖြစ်သူ ကိုဖြိုး၏ ထုတ်ဖော်ပြောဆိုချက်များက သက်သေခံနေသည်။
တော်လှန်ရေးဖက်တွင် အကွဲအပြဲဇတ်လမ်းစုံ ဖြစ်ပျက်နေသော်လည်း၊ မင်းအောင်လှိုင် လူသတ်စစ်တပ်ကတော့ ၎င်းတို့လုပ်စရာရှိသည်များကို အမိန့်တစ်ခုတည်းအောက်တွင် တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်နေသည်။ စစ်ရေးအသာရလာသော စစ်တပ်အနေဖြင့် ဤမျှနှင့် ရပ်တန့်နေမည်မဟုတ်ဘဲ အလယ်ပိုင်းဒေသများဖြစ်သော စစ်ကိုင်းနှင့် မကွေးကဲ့သို့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမာခံနယ်မြေများကို ဆက်လက်ထိုးစစ်ဆင်မည်မှာ အသေအချာပင်ဖြစ်သည်။
စစ်တပ်၏ ရည်ရွယ်ချက်မှာ စစ်ကိုင်း၊ မကွေး ဒေသများအတွင်းမှ NUG ၏ အဓိကရင်းမြစ်များဖြစ်သည့် ဝင်ငွေစီးဆင်းမှုနှင့် နယ်မြေစိုးမိုးမှုများကို ဖြတ်တောက်ထိန်းချုပ်ရန် ဖြစ်သည်။ နယ်မြေစိုးမိုးမှုနှင့် ဝင်ငွေမရှိသော အစိုးရတစ်ရပ်သည် လေလှိုင်းထဲမှ အစိုးရသက်သက်သာ ဖြစ်သွားနိုင်ရာ၊ ရှင်သန်ရပ်တည်နိုင်ရေးအတွက် စစ်တပ်၏ မည်သို့သော ထိုးစစ်မျိုးကိုမဆို တုံ့ပြန်ကာကွယ်နိုင်ရန် NUG အနေဖြင့် အထူးပြင်ဆင်ထားရန် လိုအပ်ပေသည်။
လူထုတော်လှန်ရေးတွင် နယ်မြေများကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်စွမ်း (Effective Control) ရှိရန် လိုအပ်သကဲ့သို့ တစ်ပြိုင်နက်တည်းတွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု (International Legitimacy) သည်လည်း ခွဲခြား၍မရအောင် အရေးကြီးလှသည်။ ထိရောက်သော နယ်မြေစိုးမိုးမှု သိသိသာသာလျော့ကျလာပါက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရယူရန် ပိုမိုခက်ခဲလာမည်ဖြစ်ရာ ဤအချက်နှစ်ချက်ကို ချိန်ခွင်လျှာညီညီ ယှဉ်တွဲကြိုးပမ်းကြရမည်ဖြစ်သည်။
နိုင်ငံတကာအသိအမှတ်ပြုရေးတွင် လွန်ခဲ့သော ၅ နှစ်ကျော်က ၂၀၂၀ ရွေးကောက်ပွဲရလဒ် တစ်ခုတည်းကိုသာ ကိုင်စွဲပြီး နိုင်ငံတကာက အသိအမှတ်ပြုမှု ရရှိရန် ရေရှည်မဖြစ်နိုင်တော့သလို၊ အခြားတဖက်တွင်လည်း နိုင်ငံတကာ ရာဇဝတ်မှုများဖြင့် နိုင်ငံတချို့တွင် တရားစွဲခံနေရသည့် မင်းအောင်လှိုင်ကို ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုလက်ခံမည်မဟုတ် ဟူ၍လည်း အလွယ်တကူ ကောက်ချက်ဆွဲ၍ မရနိုင်ပေ။
လက်နက်အင်အားကြီးသူက အင်အားနည်းသူကို ဗိုလ်ကျအနိုင်ကျင့် သတ်ဖြတ်နေပြီး လူသားချင်းစာနာမှုကို မျက်ကွယ်ပြုလာသည့် လက်ရှိကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း (Realpolitik) တွင် ရွာဗုံးကြဲ လူသတ် မီးရှို့မှုများကို ပြောဆိုတင်ပြနေရုံမျှဖြင့် မင်းအောင်လှိုင် အားဖြုတ်ချရန် နှင့် ၎င်း၏အတုအယောင် အသွင်ကူးပြောင်းရေး လုပ်ရပ်များကို ရပ်တန့်စေရန်မှာ (လက်ရှိအခြေအနေအရ) ဖြစ်နိုင်ခြေ အလွန်နည်းပါးသည် ဆိုသည်ကို လက်ခံရမည်သာဖြစ်သည်။
စစ်ရေးဖက်တွင်မူ အာရက္ခတပ်တော် (AA) ၏ ဦးဆောင်မှုပုံစံက နွေဦးတော်လှန်ရေး အင်အားစုများအတွက် စံနမူနာယူဖွယ် ဖြစ်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲတွင် သက်တမ်းနုသော်လည်း AA သည် ခြေသံလုံလုံဖြင့် ကြီးမားသော အောင်ပွဲများကို ရယူနိုင်ခဲ့ရုံသာမက၊ NUG နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကိုပါ စစ်ရေးအကူအညီများ ပေးအပ်နိုင်ခဲ့သည်။ ယခုကဲ့သို့ ဖိအားများလာသော အချိန်မျိုးတွင်ပင် စစ်တပ်ကို အထိနာအောင် ဆက်လက်တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည်။ ယင်းမှာ အရည်အချင်းရှိပြီး ခိုင်မာပြတ်သားသော ခေါင်းဆောင်မှုနှင့် မဟာဗျူဟာမြောက် စီမံခန့်ခွဲမှု၏ ရလဒ်ပင်ဖြစ်သည်။
တော်လှန်စစ် ဆင်နွှဲနေချိန်တွင် လူမှန်နေရာမှန်ဖြစ်ရေးနှင့် အရည်အချင်းရှိသော ခေါင်းဆောင်မှုသည် အသက်တမျှ အရေးကြီးသည်။ တတိုင်းပြည်လုံးနီးပါး အားပေးထောက်ခံခဲ့သည့် တော်လှန်ရေး မအောင်မြင်နိုင်တော့သည့်အချိန်ကျမှ “ဘယ်သူလာလုပ်လုပ် ဒီအရင်းမြစ်နဲ့ ဒီရလဒ်လောက်ပဲ ထွက်မှာပဲ” ဟူသော ဆင်ခြေမျိုးက လက်ခံနိုင်ဖွယ် မရှိပေ။ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်လျှင် အကန့်အသတ်များကြားမှ ရှိသမျှ အရင်းအမြစ်နှင့်ပင် အောင်ပွဲရယူနိုင်ခဲ့သော တော်လှန်ရေးများရှိခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။
ကျွန်ုပ်တို့အတွက် အချိန်များများ မကျန်တော့ပါ။ စစ်ရေးချိန်ခွင်လျှာ ပြောင်းလဲလာမှုနှင့်အတူ၊ တရုတ်နိုင်ငံသည် မြစ်ဆုံစီမံကိန်းနှင့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းများအပါအဝင် ၎င်းတို့၏ မဟာဗျူဟာစီမံကိန်းများကို ပြန်လည်စတင်ရန် အချက်ပြနေပြီဖြစ်သကဲ့လို့၊ ထိုင်းနိုင်ငံကလည်း အသွင်ပြောင်း စစ်အုပ်စုကို အာဆီယံစင်မြင့်ထက်ဆီကို ပြန်လည်ဆွဲတင်ရန် လေသံပစ်နေပြီဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း လာမည့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ၅ နှစ်တိုင်တိုင် သိမ်းပိုက်ထားနိုင်ခဲ့သော မြန်မာနိုင်ငံ ကိုယ်စားလှယ်နေရာအား အသွင်ပြောင်းစစ်အုပ်စုက အရပ်သားအစိုးရအသွင်ဖြင့် လုယူရန် မကြာမီ အသေအချာ ပြင်ဆင်ခြိမ်းခြောက်လာတော့မည်ဖြစ်သည်။
ကျွန်ုပ်တို့အတွက် အချိန်များများ မကျန်တော့ပါ။
[ဆက်လက်ဖော်ပြပါမည်။]